Social Icons

Monday, August 4, 2014

048 Adobe PageMaker Book & DVD



PageMaker ဟာ စာစီစာရိုက်လောကမှာ ဘုရင်တစ်ဆူကဲ့သို့ မင်းမူးနေတာ ခုချိန်ထိ ပါပဲ။ ရုံး၊ ကုမ္ပဏီတွေမှာ Micorsoft Company ထုတ် Office Word 2010 တို့ဟာ အသုံးတည့်လှပေမယ့် စာစီစာရိုက်ဆိုင်ကဲ့သို့ ပုံစံအမျိုးမျိုးနဲ့စာရိုက်ရတဲ့အခါ PageMaker မှာက Word ထက် အားသာချက်အများကြီးပါ။
            PageMaker ကို တစ်ချို့ကွန်ပျူတာသင်တန်းတွေက အခြေခံအဆင့်(Basic) မှာ သင်မပေးကြပါဘူး။ DTP တန်းသော်လည်းကောင်း၊ Graphic တန်းမှာသော်လည်းကောင်း ပြဌာန်းကြပါတယ်။ ဒါဟာ မကောင်းပါဘူး။ ကျွန်တော်တို့ AIT Computer Mandalay မှာ ဆိုရင် Computer Basic တန်းမှာပဲ PageMaker ကို ပြဌာန်းသင်ကြားပေးပါတယ်။ ဒါမှ သင်တန်းသားဟာ AIT Basic ပြီးတာနဲ့ ရုံး၊ ကုမ္ပဏီ၊ စာစီစာရိုက်ဆိုင်၊ မိတ္တူဆိုင်တွေမှာ တစ်ခါတည်း လုပ်ငန်းခွင်ဝင်ဖို့ အဆင်သင့်ဖြစ်နေမှာပါ။ သင်တန်းသားတွေအတွက် အချိန်နဲ့ ငွေကြေးကို ချုံ့ပေးနိုင်ရပါမယ်။ IT ခေတ်မှာ အချိန်ဆွဲတယ်ဆိုတာ ခေတ်မမှီတဲ့ အယူအဆ တွေပါ။ လူ့စွမ်းအား အရင်းအမြစ် (Human Resource) တွေကို အမြန်ဆုံး ဖော်ထုတ်ပေးဖို့ အပူတပြင်း လိုအပ်နေပါတယ်။

            ဒီစာအုပ်ရဲ့ PageMaker ဖော်ပြချက်တွေဟာ ကိုယ်ကိုတိုင် စာစီစာရိုက်မိတ္တူဆိုင်ဖွင့် လုပ်စားနိုင်အောင်ထိ ဖော်ပြ ရေးသားထားပါတယ်။ ဖိတ်စာကဒ်၊ လိပ်စာကဒ်၊ လက်ကမ်းကြော်ငြာစာရွက်၊ ဘောက်ချာ၊ စာအုပ်တစ်အုပ်ကို စနစ်တကျ အစအဆုံးပြုလုပ်နည်း၊ မဂ္ဂဇင်းပြုလုပ်နည်း၊ ဂျာနယ် ပြုလုပ်နည်:၊ ဇယားရေးဆွဲနည်း စသဖြင့် စာစီစာရိုက်ဆိုင်ရာ Desktop Publication နည်းပညာများကို ဆရာစားမချန် အကုန်တင်ပြထားပါတယ်။ ဆရာစားမချန် ဆိုတဲ့ဝေါဟာရကို သုံ:ရတာက AIT Course မှာလည်း ဒီစာအုပ်ကိုပဲ ပြဌာန်းစာ လုပ်ပြီး သင်တာပါ။ တခြားနည်းပညာစာရေးသူတွေလို ထုတ်ဝေတဲ့စာအုပ်က တစ်အုပ်သက် သက်၊ သင်တန်းစာအုပ်ကျ တစ်အုပ်သက်သက်၊ ပြီးမှ ကျန်တာသိချင်ရင် သင်တန်းလာတတ် လို့ ခေါ်တဲ့ စာအုပ်အမျိုးအစားမဟုတ်ပါဘူး။ မြန်မာပြည်မှာ ကွန်ပျူတာသင်တန်းပြဌာန်းစာအုပ်တွေ ကို မိခင်မြန်မာဘာသာနဲ့ ရေးသားပြဌာန်းသင်တာ AIT Computer Mandalay တစ်ခုပဲ ရှိပါသေးတယ်။ ကျွန်တော်လက်တွေ့စမ်းသုံးကြည့်တဲ့ ဒီနည်းရဲ့ ပထမဆုံးအားသာချက်က ကျောင်းသားတွေ အတတ်မြန်တာပဲ။ နောင်တစ်ချိန် လုပ်နည်းမေ့သွားလို့ ပြန်ကြည့်ချင်ရင် မြန်မာလိုဖြစ်တဲ့အတွက် ချက်ချင်း ပြန်သတိရနိုင်တယ်။ မြန်မာနိုင်ငံက ကွန်ပျူတာသင်တန်း တွေ အကုန်လုံး ဒီနည်းကို ကျင့်သုံးစေချင်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ နိုင်ငံအတွက် အရေးတကြီးလိုအပ်နေတဲ့ ကွန်ပျူတာပညာရှင်တွေကို စက္ကန့်ပိုင်း မိနစ်ပိုင်း နာရီပိုင်း ရက်ပိုင်း လပိုင်း နှစ်ပိုင်းနဲ့ အမြန်ဆုံး ဖော်ထုတ်နိုင်ပါတယ်။
            ဂျပန်နိုင်ငံဟာ သူ့ဆီဝင်ရောက်လာတဲ့နည်းပညာတွေအကုန်လုံးကို အရင်ဆုံး ဂျပန်ဘာသာ ပြန်ဆိုတာပါပဲ။ ပြီးမှ တစ်နိုင်ငံလုံးကို ဖြန့်တယ်။ ဒါ့ကြောင့် ဂျပန်ဘာသာတတ်တဲ့ ဂျပန်လူမျိုးတိုင်းဟာ ကမ္ဘာအဆင့်မီပညာရပ်တွေကို အချိန်နဲ့ တပြေညီ ရင်ပေါင်တန်း လိုက်နိုင်တာပါပဲ။ ဂျပန် Product တွေဟာ အာရှသာမက အမေရိကား ဉရောပထိ မက်မက် မောမော တန်ဖိုးထား ဝယ်ယူသုံးစွဲနေကြရပါပြီ။ အဲ အားနည်းချက်လေးတစ်ခုတော့ ရှိပါတယ်။ သူတို့တွေ အင်္ဂလိပ်စာကို အားနည်းသွားကြတာပါပဲ။
            ကျွန်တော်တို့ရော ဘယ်လမ်းစဉ်လိုက်မှာလဲ။ ကျွန်တော် အရမ်းဖြစ်ချင်တဲ့ ဆန္ဒတစ်ခု။ မြန်မာပြည်ကို ဝင်လာတဲ့ နည်းပညာတိုင်းကို မြန်မာဘာသာ ပြန်ဆိုမယ်။ ပြီးရင် တစ်နိုင်ငံလုံးကို ဈေးအချိုဆုံးနဲ့(AIT စာစဉ်များလို တစ်အုပ် 2500 ကျပ်) ဖြန့်မယ်။ ဒါဆိုရင် မြန်မာဘာသာ တတ်တဲ့ မြန်မာလူမျိုးတိုင်း ကမ္ဘာအဆင့်မီနည်းပညာတွေ တတ်မယ်။ အင်္ဂလိပ်စာကိုလည်း 4 Skill ကျွမ်းအောင် စနစ်တကျ ပြဌာန်းသင်ပေးမယ်။ ခုတော့ အင်္ဂလိပ်စာကလည်း ညံ့သထက် ညံ့လာတယ်။ ကျွန်တော်ပြောတာ မယုံဘူးလား။ အင်တာနက်သုံးတဲ့ လူငယ်တိုင်းကို မေးကြည့် 00.01 လောက်သာ အင်္ဂလိပ်စာနဲ့ စနစ်တကျ ပြောတယ်။ ကျန်တဲ့လူတွေက ဘာတဲ့ သူတို့ပြောတဲ့ ဘာသာစကား။ Myanglish(Myanmar-English)တဲ့။ ဒီမကောင်းတဲ့အကျင့်ကို ကျွန်တော်တို့ မျိုးဆက်မှာပဲ စွန့်ပစ်ခဲ့ရအောင်။ တော်ကြာ သားစဉ်မြေးဆက် ဒီဘာသာစကားကြီး လိုက်ပါလာရင် မြန်မာ မဟုတ် အင်္ဂလိပ် မဟုတ်နဲ့ အောက်ကလိအာ အာကလိအောက် ဖြစ်နေလို့ ကမ္ဘာအဆင့်မီဖို့ မပြောနဲ့ မြန်မာစာတောင် ပျောက်သွားလို့ ပြန်ရှာနေရတာနဲ့တင် နောက်လူတွေ အလုပ်ရှုပ်နေကြပါဦးမယ်။

‌ဝေဖြိုး‌အောင် (AIT Computer)

No comments:

Post a Comment